Wednesday, December 24, 2008

ပြ-ပြင်ရန် ၅-ချက်၊ မှ ပွဲလျက်မျိုး ၅-ပါး

ပြင်ရန် ၅-ချက်၊ အလွန်ခက်၊ နောင်တွက် ပူပန်စရာ။ ။ ၎င်းင်း သရုပ်ကို (နောင်ပြင်ရန်ခက်၊ မျိုး ၅-ချက်) ၌ ဆိုခဲ့ပြီ။

ပြည်ကြီးအင်္ဂါ၊ ၇-ဖြာ၊ ရာဇာပိုင်းခြားသိ။ ။ ၎င်းင်း သရုပ်အဓိပ္ပါယ်ကို (မြို့၏ အင်္ဂါ ၇-ပါး)၌ကြည့်ပါ။

ပြည်ကြီး ၂၀။ ။ မဂဓ အဘိဓာန် ကျမ်းလာ ဘုရား လက်ထက်တော်ရှိ ပြည်ကြီး 'မြို့တော်ကြီး' နှစ်ဆယ်။ ဗာရာဏသီပြည်၊ သာဝတ္ထိပြည်၊ ဝေသာလီပြည်၊ မိဓိလာပြည်၊ အာဠ၀ီပြည်၊
ကောသမ္ဗီပြည်၊ ဥဇ္ဇေနီပြည်၊ တက္ကသိုလ်ပြည်၊ စမ္ပာပြည်၊ သာဂလပြည်၊ (၁၀)
သံသုမာဂိရိပြည်၊ ရာဇဉဂိဟ်ပြည်၊ ကပိလ၀တ်ပြည်၊ သာကေတပြည်၊ ဣန္ဒပတ္တပြည်၊
ဥက္ကဋ္ဌပြည်၊ ပါဋလိပုတ်ပြည်၊ စေတုတ္တရာပြည်၊ သံကဿပြည်၊ ကုသိနာရုံပြည် (၂၀) ။



ပြည်ကြီး ၂၁-ပြည်။ ။ မဟာဝင်ဋီကာလာ မဟာသမ္မတမင်းမှစ၍ (၃၃၄၅၆၉) သုံးသိန်း သုံးသောင်း လေးထောင် ငါးရာ ခြောက်ကျိပ် ကိုးယောက်သော မင်းတို့၏ စံရာ နေပြည်တော်များ ဟူ၏။
ကုသ၀တီပြည်၊ ရာဇဂြိုဟ်ပြည်၊ မိဓိလာပြည်၊ ဗာရာဏသီပြည်၊ ကပိလ၀တ်ပြည်၊
ဟတ္ထိပုရပြည်၊ ဧကစက္ခုပြည်၊ ၀ဇီရမုတ္တိပြည်၊ မဓုရပြည်၊ အဋ္ဌိပုရပြည်၊ (၁၀)
ဣန္ဒပတ္တနဂိုရ်ပြည်၊ ကောသမ္ဗီပြည်၊ ကဏ္ဏဂေါစ္ဆပြည်၊ ရောဇနပြည်၊ စမ္ပာပြည်၊
တက္ကသိုလ်ပြည်၊ ကုသိနာပြည်၊ တမလိတ္တိယပြည်၊ ကပိလ၀တ်ပြည်၊ ကောလိယပြည်၊ (၂၀) ဒေ၀ဒဟပြည် (၂၁) ။

ပြည်ကြီးရတနာ၊ အင် ၉-ဖြာ၊ ရာဇာသိတော်မူ ။ ။ ၎င်းင်း သရုပ်ကို (တိုင်းပြည်ရတနာ၊ ပြည့်စုံရာ၊ ၉-ဖြာ န၀ရတ်) ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ပြည်တော် အင်္ဂါ၊ ၇-ဖြာ၊ ရာဇာ မင်းတို့သိ ။ ။ ၎င်းင်းသရုပ်ကို (မြို့တော်၏ အင်္ဂါ ၇-ပါး။ ၂-နည်း) ဟူသော သုတေသန၌ ကြည့်ပါလေ။

ပြည်တော်သာမှု၊ ကြောင်း ၁၀-ခု၊ လူထုဆင်ခြင်ရာ။ ။(တိုင်းပြည်အေးမှု ကြောင်းဆယ်ခု) ဟူသောစကား၌ ၎င်းင်းသရုပ်အဓိပ္ပါယ်ပြခဲ့ပြီ။

ပြည်ထောင်စုသား၊ လူမျိုးများ၊ မှတ်သား ၄၉ ။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။
(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊
(၂) ကမိ လူမျိုးနှင့်၊ (၃) မြို လူမျိုး-ရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊
(၄) ကဒူး လူမျိုး- ကသာနှင့်အထက် မြန်မာပြည် အထက် ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊
(၅) ကချင် လူမျိုး- အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ် မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊
(၆) မရူ လူမျိုး၊ (၇) လရှီ လူမျိုး၊ (၈) ဇီ လူမျိုး- မြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊
(၉) လီရှော၊ သို့မဟုတ် လိဆော လူမျိုး- သံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊
(၁၀) လာဟူ၊ သို့မဟုတ် မုဆိုးလူမျိုး၊ (၁၁) နန်း၊ သို့မဟုတ် ရ၀င်းလူမျိုး- ကချင်ပြည်နယ် မြောက်ပိုင်း၌ နေထိုင်ကြသည်၊
(၁၂) ကော၊ သို့မဟုတ် အခ လူမျိုး- ကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊
(၁၃) ပလောင် လူမျိုး- ရှမ်းပြည်နှင့်မိုးကုတ်နယ်တလျှောက်၌နေကြသည်၊
(၁၄) ရီယန်းလူမျိုး- တောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌ နေကြသည်၊
(၁၅) ၀ လူမျိုး- ရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌ နေထိုင်ကြသည်၊
(၁၆) ကရင်လူမျိုး- အောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၎င်းင်းတို့လည်း မျိုးပြားများစွာ ရှိသေး၏၊
(၁၇) တောင်သူ၊ သို့မဟုတ် ပအိုလူမျိုး- အောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊
(၁၈) ဆလုံလူမျိုး- မြိတ်ကျွန်းစု၌ နေကြသည်၊
(၁၉) ကယား၊ သို့မဟုတ် ကရင်နီ လူမျိုး- ကယားပြည်နယ်၌နေကြသည်၊
(၂၀) ရှမ်းလူမျိုး၊ (၂၁) မိုင်းသာလူမျိုး၊ (၂၂) ဒရယ်လူမျိုး၊ (၂၃) ရခိုင် လူမျိုး- ရခိုင်တိုင်းနယ်၌နေကြသည်၊
(၂၄) မြန်မာ၊ (၂၅) ထားဝယ် လူမျိုး- တနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊
(၂၆) ယော လူမျိုး- ပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊
(၂၇) ဒနု လူမျိုး၊ (၂၈) ယပိန်း, ဇပိန်း, သို့မဟုတ် ကွေ လူမျိုး၊ (၂၉) ဖုန် လူမျိုး၊
(၃၀) အင်းသား လူမျိုး၊ (၃၁) တောင်ရိုး လူမျိုး၊ (၃၂) ဒိုင်နက် လူမျိုး၊
(၃၃) ပဒေါင်း လူမျိုး- မြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက်မှာနေထိုင်ကြသည်၊
(၃၄) မွန် လူမျိုး၊ (၃၅) ကမု လူမျိုး- (၃၆) ယအိုလူမျိုး၊ (၃၇) မိအိုလူမျိုး၊
(၃၈) ဒနောလူမျိုး- မွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊
(၃၉) နာဂ လူမျိုး-နာဂတောင်တလျှောက်၊
(၄၀) ကုကီ လူမျိုး၊ (၄၁) ကသည်း လူမျိုး၊ (၄၂) ထမန် လူမျိုး- အထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊
(၄၃) ဂျင်းဖေါ၊ သို့မဟုတ် သိန်းဖော လူမျိုး၊ (၄၄) ခမင် လူမျိုး၊ (၄၅) ခနုန် လူမျိုး- ကချင်ပြည်နယ်၌နေကြသည်၊
(၄၆) ခေါင်းတို လူမျိုး-တောင်တန်းနယ်သားများ၊
(၄၇) ပျူ လူမျိုး၊ (၄၈) ကမ်းယံ လူမျိုး၊ (၄၉) သက် လူမျိုး- ရှေးဟောင်း မြန်မာလူမျိုးများ။

ပြည်ရွာအပြား၊ မျိုး ၆-ပါး။ ။ ၀ိနည်း ပိဋကတ်တော်မှ။
(၁) ရဋ္ဌ-မင်းအစိုးရတခု၏ အာဏာစက်နှံ့ရာ တိုင်းနိုင်ငံ၊
(၂) ပူရီ- မင်းအိမ် နန်းတော်တည်ရာ နေပြည်တော်၊
(၃) နဂရအောက်ဆုံး မြို့အုပ် မြို့ပိုင်ရုံးရှိ, ဈေးရှိသောမြို့၊
(၄) ဇနပဒ-ခရိုင်ဝန်မင်းတပိုင်, သို့မဟုတ် တိုင်းမင်းကြီးတပိုင် ခရိုင်စု ဇနပုဒ်၊
(၅) ဂါမ- ဈေးရှိသောရွာကြီး၊
(၆) နိဂမ-ဈေး မရှိသောရွာငယ်၊ နိဂုံး။

ပြည်ရွာပျက်မှု၊ ကြောင်းဆယ်ခု။ ။ မြန်မာသက္ကရာဇ် ၁၁၄၇-ခုနှစ်၊ ဒုတိယ ၀ါဆိုလဆန်း ၁၅-ရက်နေ့ ဘိုးတော်ဘုရားထံ ဆက်သွင်းသောစာ၊ "တိုင်းပြည်ပျက်ရာ လက္ခဏာကား။
(၁) ဒေဝေါ ပဇ္ဇုန်၊ ရွာဟုန်တိမ်းစောင်း၊
(၂) ကန်ချောင်း ခန်းခြောက်၊
(၃) မိုးပေါက်မညီ၊
(၄) ရာသီ နက္ခတ်၊ သမသတ်သွား၊
(၅) ဂြိုလ်ကား ထို့တူ၊
(၆) လူမှာ မုသား၊
(၇) ရဟန်းများလည်း၊ တရားမလျော်၊ ကြမ်းချော်ခက်ထန်၊
(၈) မမှန် တောင်းတင်း၊
(၉) မင်းနှင့်အမတ်၊ ညီညွတ် ရောရှက်၊ ပေါင်းဖက်ဟော့ရမ်း၊
(၁၀) ထုံးတမ်းအလွန်၊ ရှေးညွှန် စကား၊
ဤဆယ်ပါးသည်၊ ဖေါက်ပြားအင်္ဂါ ပြည်ရွာ ပျက်မည့် အကြောင်းတည်း။"

ပြည်ဖြိုးလက္ခဏာ၊ ၇-ဖြာ၊ ချမ်းသာ မြင့်မြတ်ကြောင်း။ ။ ယောက်ျားမြတ်တို့၏ လက္ခဏာတွင် သတ္တုဿဒ ခေါ် ဖြိုးမောက်ရမည့်ဌာန ခုနစ်ပါးကို ဆိုသည်၊ မဟာပဒါနသုတ် အဋ္ဌကထာမှ၊
(က) ပခုံး ၂-ဖက်
(ခ) လက်ဖမိုး ၂-ဖက်
(ဂ) ခြေဖမိုး ၂-ဖက်
(ဃ) လည်ကုတ် ၁၊ ပေါင်း ၇-ပါး။

ပြဒါးမျိုး ၆-ပါး။ ။ ဓာတုပဋိသန္ဓေကျမ်းမှ ဖြစ်ရာ အရပ်နှင့်တကွ အကျယ်ကိုလိုမူ သဗ္ဗဓာတုက ၀ိဇ္ဇာဓရ ပကာသနီကျမ်းမှာ ရှုလေ၊ ထွက်ရပ်လမ်းအတွက်။
(၁) သောမလ သုက္က ပါရဒ- စိန်ဖြူဦးနှောက်မှ ဖြစ်သော ပြဒါး၊
(၂) သေလ ဟလိဒ ပါရဒ- ကျောက်ဆေးဒန်းမှ ဖြစ်သော ပြဒါး၊
(၃) ဘူမျ ဇာတ ပါရဒ- မြေမှဖြစ်သော မြေအောင်း ပြဒါး၊
(၄) သိန္ဒုရ သုက္က ပါရဒ-ဟင်းရိုင်းဖြူမှ ဖြစ်သော ပြဒါး၊
(၅) သရဇာတ ပါရဒ- အိုင်မှဖြစ်သော သယံ ပြဒါး၊
(၆) ပုပ္ဖ နာဂဇ ပါရဒ- တောင်သလွဲပွင့်မှ ဖြစ်သော ပြဒါး။

ပြဒါးမျိုး ၆-ပါး။ တနည်း။ ။ ဤ ၆-ပါးကား ကာယသိဒ္ဓိç ဓနသိဒ္ဓိ လမ်းတို့အတွက်မျှသာ တန်ခိုးသတ္တိရှိ၏၊ ထွက်ရပ်လမ်းကို မဖြစ်စေနိုင်။
(၁) ရတ္တ သိန္ဒု ရ ပါရဒ- ဟင်းရိုင်းနီမှထွက်သောပြဒါး၊
(၂) ဟရိ တာလ ပီတ ပါရဒ- ဆေးဒန်း ရွှေဝါမှထွက်သောပြဒါး၊
(၃) အဿ ဒန္တ သောမလ ပါရဒ- စိန်နီမြင်းသွားမှထွက်သောပြဒါး၊
(၄) သရ၀ါတ ပါရဒ- သယံ လေပုန်းသံမှထွက်သောပြဒါး၊
(၅) ၀မ္မိကာရ ပါရဒ- တောင်ပို့ခြသံမှထွက်သောပြဒါး၊
(၆) ပုတိဘက္ခ ပါရဒ- အပုပ်မှစား၍ထွက်သောပြဒါး။
မှတ်ချက်။ ။ ၎င်းင်းတို့ကိုဖမ်းနည်း ချုပ်နည်း သတ်နည်း ကြိုးဖေါ်နည်း ပြာရိုက်နည်း တက်လမ်း အသီးသီးကို သိလိုက 'ပါရဒ ဘေသဇ္ဇ ၀ိဇ္ဇာဓရ'ကျမ်းမှာ ရှုပါလေ။

« ပြာ »

ပြာသာဒ်နန်းမ ၃-ဆောင်။ ။ ၎င်းင်းသရုပ်ကို (နန်းမ ၃-ဆောင်)၌ ရှုပါ။

ပြာဋိဟာပြား၊ မျိုး ၃-ပါး၊ ဘုရားဟောတော်မူ။ ။ ၎င်းင်းသရုပ်(ပါဋိဟာရိယမျိုး ၃-ပါး)၌ ဆိုခဲ့ပြီ။

« ပြိ »


ပြိတ္တာ ၄-မျိုး။ ။ သာသနာတော်ဝင် အဋ္ဌကထာ ဋီကာတို့၌ လာသည်။
(၁) ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာ- သူတပါးတို့ ပေးမှ စားသောက်ရသော ပြိတ္တာမျိုး၊ သူတပါးကိုမှီ၍ အသက်မွေး ၀မ်းကျောင်းရှိ၏၊
(၂) ခုပ္ပိပါသိက ပြိတ္တာ- မစားမသောက်ရဘဲ ငတ်ပြတ် နှိပ်စက်ခြင်း ခံရသော ပြိတ္တာမျိုး၊
(၃) နိဇ္ဈာမ တဏှိက ပြိတ္တာ- တကိုယ်လုံး ပူလောင်ခြင်းကို အမြဲမပြတ် ခံစားနေရသော ပြိတ္တာမျိုး၊
(၄) ကာလ ကဉ္စိက ပြိတ္တာ- အသူရကာယ်ဟူ၍ သီးခြားခေါ်ဝေါ်အပ်သော ပြိတ္တာတမျိုး။

ပြိတ္တာ ၁၂-မျိုး။ တနည်း။ ။ ဆဂတိဒီပနီကျမ်း, လောကပညတ္တိကျမ်းတို့မှ။
(၁) ၀န္တာသ ပြိတ္တာ- ငတ်ပြတ်ဆာလောင် မွတ်သိပ်လှသဖြင့် သူတပါးတို့၏ ချွဲကန်း, သလိပ်, တံတွေး, အန်ဖတ်, နှပ် တို့ကိုသာ ကောက်ယူစားသောက်နေရသော ပြိတ္တာမျိုး၊
(၂) ကုဏပါသ ပြိတ္တာ- လူကောင်ပုပ်, ခွေးကောင်ပုပ်, မြွေကောင်ပုပ် စသော အကောင်ပုပ်တို့ကိုသာ စားသောက်နေရသည့် ပြိတ္တာမျိုး၊ (၃) ဂူထ ခါဒက ပြိတ္တာ- မစင် ဘင်ပုပ်တို့ကိုသာ စားသောက်နေရသော ပြိတ္တာမျိုး၊
(၄) အဂ္ဂိဇာလမုခပြိတ္တာ - ခံတွင်းမှ မီးလျှံထွက်၍ မီးကျီး မီးခဲ တို့ကိုပင် စားသောက်နေရသော ပြိတ္တာမျိုး၊
(၅) သုစိ မုခ ပြိတ္တာ- ကိုယ်လုံးကြီးထွား၍ လည်ပင်းရှည်ပြီးလျှင် ခံတွင်းကား အပ်နဖားပေါက်မျှသာရှိသောကြောင့် ရသောအစာကို နားပေါက် နှာခေါင်းပေါက်တို့က သွတ်သွင်းစားသောက်ရသော ပြိတ္တာမျိုး၊
(၆) တဏှာဋ္ဋိက ပြိတ္တာ- ရေ အလွန် မွတ်သိပ်ခြင်းဖြင့် ဆင်းရဲခံနေရသော ပြိတ္တာမျိုး၊
(၇) သုနိဇ္ဈာမက ပြိတ္တာ- မီးလောင်ငုတ်နှင့်တူသောကိုယ်ရှိ၍ ဆိုးဝါးသော ရုပ်အဆင်း၊ မကောင်းသော ယနံ့ထွက်သော ပြိတ္တာမျိုး၊
(၈) သတ္ထင်္ဂ ပြိတ္တာ- ထားသွား, ငါးမျှားချိတ်သွားနှင့် တူသော လက်သည်းတို့ဖြင့် မိမိကိုယ်အင်္ဂါကို ကုတ်ဖဲ့၍ အသားအသွေးတို့ကိုသာ စားသောက်ရသော ပြိတ္တာမျိုး၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်ပမာဏရှိသော ကိုယ်မှ နေ့ညဥ့်မပြတ် အခိုးထွက်နေသော ပြိတ္တာမျိုး၊
(၁၀) အဇဂရ ပြိတ္တာ- စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် နေ့ညဥ့်မပြတ် လှည့်လည် သွားလာ၍ ဒုက္ခခံနေရသောပြိတ္တာမျိုး၊
(၁၁) ဝေမာနိကပြိတ္တာ- ဒုက္ခတလှည့်, သုခတလှည့် စက်လည်၍ အတည်မကျ ခံစားနေရသော ပြိတ္တာမျိုး၊
(၁၂) မဟိန္ဓိကပြိတ္တာ- ပြိတ္တာတို့အပေါ်၌ ကြီးမှူးနိုင်သော တန်ခိုးအာဏာရှိသော်လည်း ထမင်းအဖျော်တို့ကိုကား မစားမသောက်ရသော ပြိတ္တာမျိုး။ မှတ်ချက်။ ။ ၀ိနည်းပိဋက စသည်တို့၌လည်း ထိုထို ပြိတ္တာတို့၏ အသွင်အပြင် နေရပ်ဌာန အစားအစာတို့ကို စွဲ၍ မျိုးကွဲများစွာ လာသေး၏။

ပြိတ္တာတို့ ရရှိခံစားရသော ကုသိုလ်အင်္ဂါ ၃-ပါး။ ။ သေသူတို့ကို ရည်ညွှန်း၍ ပြုလုပ်သော ကုသိုလ်၏ ကောင်းကျိုးချမ်းသာ ရရောက်နိုင်ပုံများ၊ အကျယ် ပေတ၀တ္ထု။ ဋ္ဌ။၂၅-၌ ရှုပါ။
(၁) ကောင်းမှုရှင်တို့က သေသူတို့အားရည်ညွှန်း၍ (အမည်ခေါ်ကာ) အမျှပေးဝေမှု ပြုရခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ် အကျင့်သိက္ခာ ပြည့်စုံရခြင်း၊
(၃) ပြိတ္တာတို့၏ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ခြင်း။

« ပွဲ »

ပွဲလမ်းသဘင်၊ မျိုး ၆-အင်၊ ကြူးလျှင် အပြစ်ရ။ ။ သုတ်ပါထေယျ ။ပါ။ ၁၄၈။ဋ္ဌ။ ၁၂၉။ သိင်္ဂါလသုတ်၌ စည်းစိမ်ဥစ္စာ ပျက်စီးကြောင်းခြောက်ပါးတွင် တပါး အပါအ၀င်အဖြစ်ဖြင့် ဘုရားရှင် ဟောတော်မူခဲ့သည့် ပွဲသဘင်မျိုး ခြောက်ပါးကိုဆိုသည်။
(၁) ကပွဲသဘင်၊
(၂) သီချင်းဆိုပွဲသဘင်၊
(၃) တီးဝိုင်းစုံသဘင်၊
(၄) စစ်ထိုး, ကြက်တိုက်, နွားပွဲ, မြင်းပွဲ စသော သဘင်၊
(၅) ခွက်ခွင်း လက်ခုပ်ဝိုင်းသဘင်၊
(၆) အိုးစည်ဒိုးပတ် တီးဝိုင်းသဘင်၊
၎င်းင်းသဘင် ၆-ပါးကို မေးမြန်း သွားလာ ပျော်ကြူး နေသူအား မရသေးသော စည်းစိမ်ဥစ္စာတို့ကို မရနိုင်ကုန်၊ ရပြီးသော စည်းစိမ်ဂုဏ်သိရ်တို့လည်း ကုန်ခန်း ပျက်စီးတတ်ကုန်၏။

ပွဲလျက်မျိုး ၅-ပါး။ ။ ဆေးအဘိဓာန်မှ။
(၁) ကဏယ- ပွဲလျက်နီ၊
(၂) မဟိံသာချ- ချွဲကျိကျိç ကျွဲချိုအဆင်းရှိ ပွဲလျက်၊
(၃) ဇလာက- ပွဲလျက် ညိုစိမ်း၊
(၄) ကဇွလာဘ- ပွဲလျက်နက်၊
(၅) ကုမုဒ- ပွဲလျက်ကြာဖြူ။

No comments:

Post a Comment