Tuesday, December 23, 2008

ပေ-ပဲ-ပေါ-ပိုး-ပျ---ပေမတရားမျိုး မှ ပျူ ၁၂-ပြည်ထောင်

ပေမတရားမျိုး ၂-ပါး။ ။ ချစ်ခြင်းသဘောတရား ၂-ပါး။
(၁) တဏှာပေမ- တထောင့်ငါးရာ ကိလေသာကို ရှေ့ထား၍ ကိလေသာချစ် ချစ်ခြင်း၊ ညစ်ညမ်းသော အချစ်သဘောတရားမျိုး၊
(၂) ဂေဟသိတပေမ- ၅၂၈သွယ် မေတ္တာကို အဦးထား၍ မေတ္တာချစ် ချစ်ခြင်းမျိုး။ မိမိအိမ်သား သမီးသားနှင့် မိဘဆွေမျိုးများကိုချစ်သော အချစ်သဘောတရားမျိုး။

ပေမတရားမျိုး ၃-ပါး။ ။ ချစ်ခြင်းဆိုတဲ့ အချစ်သဘောကို ဗုဒ္ဓသာသန မဟာဗုဒ္ဓ၀င်။ ပ-တွဲ။ ပ-ပိုင်းအုပ်။ ဠော်-မျက်နှာ၌ရှုလေ။
(၁) တဏှာပေမ၊ ဖို-မတို့ ချစ်ကြိုက်ခြင်းသဘာဝကို ဆိုသည်၊
(၂) ဂေဟသိတ ပေမ၊ မိဘနှင့်သားသမီး၊ ညီ-ကို မောင်နှမတို့ အချင်းချင်း ချစ်ခင်ကြခြင်းမျိုးကို ဆိုသည်၊ ဤ ၁-နှင့် ၂-တို့ကား တရားကိုယ်အားဖြင့် လောဘတဏှာသာ ရသည်ဟူ၏၊
(၃) မေတ္တာ ပေမ- သူတပါးတို့၏ ချမ်းသာမှုသုခကို လိုလားစွာ ကိုယ်-နှုတ်-စိတ်တို့ဖြင့် ချမ်းသာသူ ဆင်းရဲသူ မရွေးပဲ ချမ်းသာစေမှု ပြုလုပ်ပေးခြင်းမျိုးကို မေတ္တာစစ်ဟုခေါ်ဆိုသည်၊ မေတ္တာ ပေမ ဟူ၏။ အဒေါသ- ကုသိုလ်စေတသိက်။


ပေယျာလပြား၊ မျိုး ၄-ပါး၊ ကျမ်းအား မည်သို့ ထိုးသနည်း?။ ။ သဒ္ဒသာရတ္ထ ဇာလိနီခေါ် သဒ္ဒါငယ်ကျမ်း၌ကား ပေယျာလမျိုး ၄-ပါးလာရှိ၏၊ သို့သော် ထိုးနှံပုံနည်း မသေချာ ဖြစ်နေသည်၊ ကျွန်ုပ်တို့ကား အောက်ပါ ပေါရာဏိက ဂါထာလာ ထိုးနှံပုံနည်းကို အသုံးပြု၏၊ ပေယျာလ၏ အဓိပ္ပါယ်ကား ပြဆိုပြီးသား သဒ္ဒါအနက်တို့ကို စောင့်ခြင်းငှါ, သို့မဟုတ် ချဲ့၍သိခြင်းငှါ စွမ်းနိုင်သော အမှတ်လက္ခဏာများ ဟူ၏။
"ပါတုံ အလံတိ ပေယျာလံ၊ ၀ိတ္ထာရေတုံ အလံ ထ၀ါ။
အာဒိ မဇ္ဈန္တ သဗ္ဗတ္ထ၊ ပ, ယ, လ, ကမ ပေယျာလံ။"
၎င်းင်းဂါထာအရ ထိုထိုကျမ်းဂန်တို့၌ ကျမ်းပြုအရှင် ပညာသျှင်တို့သည် စ,လယ်,ဆုံး, အားလုံး, ၄မျိုးခွဲ၍ ထိုးနှံကြကုန်၏၊ ဤ၌ အများသိလွယ်ကူစေရန် မဲဇာတောင်ခြေရတု ၃-ပိုဒ်ကို ပုံစံထုတ်၍ ပြဆိုသွားအံ့။
(၁) အာဒိပေယျာလမျိုး- ပ, ထိုးနှံကြ၏၊ ပုံ-(ပ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အစမှနေ၍ ဖေါ်လေဟူ၏၊
(၂) မဇ္ဈေ ပေယျာလမျိုး-ယ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ (ယ) ရွှေပြည်ဌာန ဝေးသောကြောင့်။ အလယ်စာသားများကိုဖေါ်လေဟူ၏၊ (၃) အန္တ ပေယျာလမျိုး- လ, ထိုးနှံကြ၏၊ ပုံ- မဲဇာတောင်ခြေ(လ) အဆုံးတိုင်အောင်ဆက်၍ ဖေါ်လေဟူ၏၊
(၄) သဗ္ဗတ္ထက ပေယျာလမျိုး- ပေ,သို့မဟုတ် 'ပေယျာလ' ဟုထိုးနှံကြ၏၊ ပုံ-လက်ဝဲသုန္ဒရ အမတ်ကြီးသည်
မဲဇာတောင်ခြေမှနေ၍ ၀မ်းနည်းကြည်ကွဲဘွယ် ဖြစ်သော ဤရတု ၃-ပိုဒ်ကို ဆက်သလိုက်ရာ စာတော်ဖတ်များက (ပေ) ဤသို့ဖတ်ဆိုပြီးသည်နှင့် အမတ်ကြီးအား ပြန်ခေါ်ရန် အမိန့်တော်မြတ် မှတ်လေသတည်း၊ ဤနေရာ၌ ရတု ၃-ပိုဒ်လုံးကို ဖေါ်ဆိုရမည် ဟူ၏။
မှတ်ချက်။ ။ သဒ္ဒ သာရတ္ထ ဇာလိနီ ဆရာ့အလို မဇ္ဈေ ပေယျာလကို 'ဃ' သို့မဟုတ် 'လ' ထိုးရန် ညွှန်ကြားထားသေး၏။

« ပဲ »

ပဲ့နင်းအရာ၊ အင် ၉-ဖြာ၊ လိမ္မာ ကျွမ်းကျင်သိ။ ။ ပဲ့နင်းဟူသည် ပေါရာဏစကားဖြစ်၍ လှေသူကြီး, သင်္ဘောမာလိန်, ကိုခေါ်ဆိုသည်၊ ၎င်းင်းသရုပ်ကို (လှေသူကြီး အင်္ဂါ ၉-ပါး) ၌ ဆိုအံ့။

« ပေါ »

ပေါက်မျိုး ၄-ပါး။ ။ ပြည်ထဲအရေး၊ ပေါက်နှင့်ကျေးသို့၊ မင်းရေးသဖွယ်၊ တိမ်တောင်နှယ်၊ တကယ်အသိခက်၊ ပေါက်မျိုး ၄-ပါးကို နေမိဘုံခန်းစာပိုဒ်ရေ ၂၀-၌ ရှာဖွေကြည့်ရှုပါလေ၊ (စာဖတ်ပျင်းက လူဖျင်း, လူအ, ဖြစ်တတ်သည်။)

ပေါကြီး ၃-ပါး။ ။ ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး အမြဲဟောကြားလေ့ရှိသော ကိုယ်ရေးကိုယ်တာ တရားတော်ဖြစ်သည်၊ "ဥစ္စာပေါမူ၊ ကုသိုလ်ပေါရာ၊ ပညာပေါများ၊ ပေါသုံးပါးကို၊ မနားမနေ၊ ကြိုးစားလေ"ဟူ၏။

« ပိုး »

ပိုးမျိုး ၈၀။ ။ ပိဋကတ်တော်တို့တွင် ၀ိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၇၉။ ၂၂၇။ ၂၅၀။ အဘိဓမ္မာ ၀ိဘင်း အဋ္ဌကထာ ၃၁-တို့၌ရှုပါ။ စွယ်စုံကျော်ထင်အဖြေကျမ်းတွင် ခန္ဓာကိုယ်၌ ပိုးမျိုးရှစ်ဆယ်တို့နေကြပုံနှင့် အမည်များကို ဤသို့ဆိုသည်၊ ဤ၌ ဥပလက္ခဏနည်းမျှသာ ပြသည်၊ တမျိုးမျိုး၌ မျိုးကွဲအဆွယ်အပွား များစွာရှိသေးကြောင်းကိုလည်း သိရာ၏။
စလ, ပိင်္ဂလ, ဤပိုး ၂-မျိုးကား ဆံရင်းဦးရေကို မှီနေစားသောက်၏၊
ဥတ္တမ, အန္တောဥတ္တမ, ဤပိုး ၂-မျိုးကား ဦးနှောက်၌၎င်းင်း၊
နှာရုမုခ, ဒန္တမုခ, မံသတာ, ဤပိုး ၃-မျိုးကား မျက်စိ, နား, နှာခေါင်းတို့၌၎င်းင်း၊
ကာမုခ, အပ္ပတိဘယ, အပေါလ, ဤပိုး ၃-မျိုးကား လျှာ၌၎င်းင်း၊
စာရန္တ, စာရုဏ, ပန္နက, ဤပိုး ၃-မျိုးကား သွားရင်း၌၎င်းင်း၊
လေဟ, ဆ၀, ဆ၀ဠ, ဤပိုး ၃-မျိုးကား ခြေသည်း လက်သည်း, အရေလွှာ, အကြောတို့၌၎င်းင်း၊
တုလန, ရတ္တ, လောဟိတ, ဤပိုး ၃-မျိုးတို့ကား အသားစိုင် အကြောစိုင်တို့၌၎င်းင်း၊
ဝေရမ္ဘ, မဟာဝေရမ္ဘ, ဤပိုး ၂-မျိုးကား လည်ချောင်း၌၎င်းင်း၊
တုလန, ရတ္တာ, လောဟိတာ, ဤပိုး ၃-မျိုးကား ရိုးတွင်းခြင်ဆီ၌၎င်းင်း၊
ဝတာ, ၀ဂ္ဂုဝတာ, ဤပိုး ၂-မျိုးကား အညှို့၌၎င်းင်း၊
ဒန္တ, မဟာဒန္တ, ရောဟိတ, မဟာရောဟိတ, ဤပိုး ၄-မျိုးကား ဟဒယ၀တ္ထုခေါ် နှလုံးသား၌၎င်းင်း၊
ဝရုဏ, တဏှ, သီဝလ, မဟာသီဝလ, ဤပိုး ၄-မျိုးကား အသည်း၌၎င်းင်း၊
အဋ္ဌိဝိဓ, အဒဠှသဒ္ဒ, အဋ္ဌိသီဝလ, အဋ္ဌိသင်္ဂါ, မုဉ္စ, မုဉ္စသီဝရ, ဤပိုး ၆-မျိုးကား အဖျဉ်း သရက်ရွက်၌၎င်းင်း၊
သေတ, လောဟိတ, ကာလ, ကာလသီရ, စူကာ, မဟာစူကာ, ဤပိုး ၆-မျိုးကား ကုလားအုပ် , ဆောင်ထပ်ခေါ်အဆုတ်၌၎င်းင်း၊
စူရန္တ, မဟာစူရန္တ, သိပ္ပ, မဟာသိပ္ပ, အန္တ၀ရ, ပက္ကာဝရ, ဤပိုး ၆-မျိုးကား အူတွင်း၌၎င်းင်း၊
လဇ္ဈုဝ, မဟာလဇ္ဈုဝ, သြဇ၀, သိဉ္ဇိဝ, ဤပိုး ၄-မျိုးကား အစာသစ်, အစာဟောင်းအိမ်တို့၌၎င်းင်း၊
နိလ, ပိတ, ဥဠာ, ဒါန၀ါ, အသမုခ, ၀ဟန, ဗဟိဒ္ဓ, ဟန၀, မုဉ္စိဒါခ, ၀ိသာလ ဟလမုခီ, ဤပိုး ၁၀-မျိုးကား သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်တို့၌၎င်းင်း၊
အတိမုခ, ဇာလာမုခ, ဤပိုး ၂-မျိုးကား နှလုံးသွေး၌၎င်းင်း၊
ကရ, ကရန္ဒ, ကရဏိယ, ကံဟက, ဟက္ကက, ဤပိုး ၅-မျိုးကား ကိုယ်၏အရှေ့ပိုင်း၌၎င်းင်း၊
လောဟမုခ, မဟာလောဟမုခ, အာလာလောဟမုခ, မဟာအာလာလောဟမုခ, နှာရု, ဤပိုး ၅-မျိုးကား ကိုယ်၏အနောက်ပိုင်း၌၎င်းင်း၊ စဏ္ဍ, စဏ္ဍသီရ, ဝှေဇိဏှ, ဇိဏှသီဝရ, ပုထုလ, ဤပိုး ၅-မျိုးကား အောက်ပိုင်း ကိုယ်၌၎င်းင်း မှီတင်း စားသောက်လျက် ရှိကြကုန်၏။

« ပ် »

ပျင်းရိသူများ၊ ပြစ် ၆-ပါး၊ ခံစား ဆင်းရဲစွာ။ ။ ၎င်းင်း သရုပ်ကား(အပျင်းထူသူတို့ ဆင်ခြေ ၆-ပါး) နှင့် တူ၏။

ပျားမျိုး ၆-ပါး၊ ဆေးကျမ်းများ၊ ခွဲခြား ကျိုးပြစ်ပြ။ ။
(၁) ပျားကြီးမျိုး- ကြောင်ကျားသော အဆင်းရှိသည့် တော ယင်ကောင်ကြီးနှင့် တူသော ပျားကောင်ကြီးမျိုး၊ ဘာဝပ္ပကာသ ကျမ်း၌'မက္ခိက' မည်၏ဟု ဆိုသည်၊ သုဿုတကျမ်း၊ ရာဇ ၀လ္လဘကျမ်း၊ ရာဇနိဃဏ္ဍ ကျမ်းတို့၌ကား ဤပျားကြီးမျိုးသည် 'ပုတ္တိက' မည်သည်ဟု ဆိုကုန်၏၊ ပါဠိအဘိဓာန်၌ ဣန္ဒိန္ဒီရ ဟု ဆိုလေသည်၊ အရည် နှမ်းဆီ အဆင်းရှိ၏၊
(၂) ပျားလတ်မျိုး-ယင်းပျားဟူ၍လည်း ခေါ်ဆိုသည်၊ ထိုပျားမျိုးကား နေရာတကာ တွေ့မြင်နိုင်လေသည်၊ ရာဇ၀လ္လဘကျမ်း၌ကား ၎င်းင်းကို 'မက္ခိက'မည်၏ဟု ဆိုသည်၊ ၎င်းင်းအရည်ကား ဆီအဆင်းနှင့်တူ၏၊
(၃) ပျားငယ်-ယင်းပျားငယ် ဟူ၍လည်းခေါ်ဆိုသည်၊ ၎င်းင်းအရည်ကား ညိုပြာပြာရှိ၍ ပျားကြီးရည်ထက် ပျစ်၏၊ ခုဒ္ဒ, ခုဒ္ဒဇန္တု, မဓုခုဒ္ဒ၊ (၄) သစ်ခေါင်းပျား- သစ်ခေါင်းအတွင်း၌ အိမ်ဖွဲ့၍နေသော ပျားတမျိုး၊ ထိုပျားရည်သည် အချို, အချဉ်, အခါးဟူ၍ သုံးပါးရှိသည်တွင် အချိုရည်သည် ထောပတ်နှင့် အဆင်းသဏ္ဍာန် အပျစ်အခဲ အလုံးစုံတူ၍ ၎င်းင်းကို 'ပုတ္တိက' ခေါ်သည်ဟု ဘာဝပ္ပကာသ ကျမ်း၌ ဆိုလေသည်၊ ရာဇ၀လ္လဘ စသောကျမ်းတို့မှာကား သစ်ခေါင်းပျားကို 'ဒါလ' ဟုဆိုကုန်၏၊ ပါဠိအဘိဓာန်ကျမ်း၌ကား 'သြဒ္ဒါလက' ဟုဆို၏၊ သို့သော် သြဒ္ဒါလက သဒ္ဒါကား မြေပျားဟောသာဖြစ်လေသည်၊
(၅) မြေပျား- ညိုဝါသော အဆင်းရှိသည့် အလွန်သေးငယ်သော ပျားကလေးတမျိုး၊ ၎င်းင်းတို့သည် အများအားဖြင့် တောင်ပို့ခေါင်း၏ အလယ်၌ ပျားအုံပြု၍ နေတတ်ကြလေသည်၊ ၎င်းင်းတို့ကို 'ဥဒ္ဒါလက=သြဒ္ဒါလက' ပျားမျိုးဟု ဆေးကျမ်းတို့၌ ဆိုကုန်၏၊ ၎င်းင်းအရည်သည် ညိုဝါ၀ါ အဆင်းရှိ၏၊ ချို၏၊ အာရုံကြောကို ထကြွစေတတ်၏၊ နူနာ, အဆိပ်တို့ကို နိုင်၏၊
(၆) ပျားပိတုံး- ပိတုံးနှင့်တူ၍ ပိတုံးအောက် ငယ်သည့် ပျားကောင်တမျိုးကို 'ဘမရ' ခေါ်သည်၊ ၎င်းင်းတို့၏ အရည်ကား ဖလ်တုံးကဲ့သို့ ဖြူစင်သန့်ရှင်း၍ ထောပတ်ကဲ့သို့ ပျစ်ခဲစွာရှိ၏၊ ၎င်းင်းကိုပင် 'တရုပ်ပျား' 'ပန်းသင်းပျား' ဟူ၍လည်း ခေါ်ကြသေး၏။

ပျူ ၁၂-ပြည်ထောင်။ ။ ပျူသမိုင်းမှတ်တမ်းများအဆို။
(၁) အေလိုပျူ၊ ၎င်းင်းတို့မြို့တော်များမှာ တကောင်း၊ ငဆောင်ချမ်း၊
(၂) ဟန်လင်းပျူ၊ ဟန်လင်းမြို့တော်၊
(၃) ကချင်ပျူ၊ ငမန္တာ-မိုးကောင်း မြို့တော်၊
(၄) ချင်းပျူ၊ ဖလမ်း, တီးတိန် မြို့တော်၊
(၅) အစီရီပျူ၊ ဓည၀တီ မြို့တော်၊
(၆) မြန်မာပျူ၊ တောင်တွင်းဂေး၊ ကျောက်ပန်းတောင်း၊ ယုန်လွှတ်၊ သိရီပစ္စယာ၊ ပုဂံ၊ တမ္ပ၀တီ မြို့တော်များ၊
(၇) ကံဖိုးစပျူ၊ မိုဃ်းနှဲ မြို့တော်၊
(၈) ကိုင်းရယ်ပျူ၊ ကိုင်းရယ်- ကိုင်းတုံ မြို့တော်များ၊
(၉) ကလောက်ဂေးပျူ၊ ကလောက်ဂေး- သထုံ မြို့တော်များ၊
(၁၀) တိမ်မယ်ပျူ၊ တိန်မယ်၊ ပဲခူး မြို့တော်များ၊
(၁၁) မော်ဇာပျူ၊ မော်ဇာ မြို့တော်၊
(၁၂) တနင်္သာပျူ၊ ထားဝယ် မြို့တော်။

No comments:

Post a Comment