Wednesday, December 24, 2008

ဖ---ဖက်မျိုး ၆-ပါး၊ မှ ဖွားသစ်စကို၊ စကားဆို၊

ဖက်မျိုး ၆-ပါး၊ ကုန်သည်များ၊ ခွဲခြား အက္ခရာ။ ။ ရှမ်းပြည်မှလာသော သနပ်ဖက်မျိုး ၆-ပါးကို အက္ခရာ ၆-လုံးဖြင့်မှတ်၍ ပြသည်၊
ခ ဖက်, ခေါင်ဖက်၊
က ဖက်, ရွက်ကြီး၊
လ ဖက်, ရွက်လတ်၊
စ ဖက်, စကဖက်၊
ဝ ဖက်, ရွက်ဝိုင်း၊
သ ဖက်, ရွက်သေး။

ဖရုသ၀ါစာ အင်္ဂါ ၃-ပါး။ ။ ၎င်းင်းဒုစရိုက်ကံ မြောက်နိုင်သော အင်္ဂါ ၃-ပါး။
(၁) ကောပ-စိတ်ဆိုးအမျက်ထွက်ခြင်း၊
(၂) ဥပကုဋ္ဌ- ဆဲရေးတိုင်းထွာ ခံရသူ၊
(၃) အက္ကောသန-ဆဲရေးခြင်း, ကြမ်းတန်းစွာဆိုခြင်း။

ဖရုသ၀ါစာကံ၏ မကောင်းကျိုး ၅-ပါး။ ။ အပြောအဆိုကြမ်းကြုတ်သူတို့ ရရှိခံစားရသော မကောင်းကျိုးများ။
(၁) ငရဲ, တိရစ္ဆာန်, ပြိတ္တာဘုံ၌ ဖြစ်ရခြင်း၊
(၂) သတ္တ၀ါများ၏ အမုန်းကို ခံရခြင်း၊
(၃) မိမိစိတ်ကို မကြည်လင်စေခြင်း၊
(၄) အကဲ့ရဲ့ခံရခြင်း၊
(၅) အသံ ကြမ်းတန်းပျက်စီးခြင်း။

ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်။ ။ ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်ဟူ၏။
(၁) သောတာပတ္တိ ဖလဋ္ဌာန်၊
(၂) သကဒါဂါမိ ဖလဋ္ဌာန်၊
(၃) အနာဂါမိ ဖလဋ္ဌာန်၊
(၄) အရဟတ္တ ဖလဋ္ဌာန်။

ဖလသမာပတ်မျိုး ၃-ပါး။ ။ ဖိုလ်ဝင်စားမှုမျိုး ၃-ပါး။
(၁) မဂ္ဂါနန္တရ ဖလ သမာပတ္တိ- မဂ်၏ အခြားမဲ့၌ ဖြစ်သော ဖလသမာပတ်၊
(၂) ၀ဠဉ္ဇန ဖလ သမာပတ္တိ- စိတ်, စေတသိက်, စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး'သက်သက်' သုံးသပ်ခံစားနေသော ဖလသမာပတ်၊
(၃) အာယုသင်္ခါရ ဖလ သမာပတ္တိ- 'အာယုပါလန'လည်းဟူ-သက်ထိန်းသက်စောင့် ဖလသမာပတ်၊ ခိုးသားရိုက်စဉ် ရှင်မောဂ္ဂလာန် ၀င်စားသော ဖလသမာပတ်မျိုးကို ဆိုလိုသည်။

« ဖာ »

ဖာလာမျိုး ၅-ပါး။ ။ ဆေးကျမ်း ဝေါဟာရများ။
(၁) ဖာလာသီး၊
(၂) ဖာလာနဖိတ်၊
(၃) တူလာနဖာ၊
(၄) စူလာနဖာ၊
(၅) ဖာလာဝတီ။

« ဖုံ »

ဖုံအခင်းမျိုး ၅-ပါး။ ။ ရဟန်းတော်များ ၀ိနည်းပညတ်တော်က ခွင့်ပြုသည့် (ဘုံလျှိုမျိုး ၅-ပါး)ကိုခေါ်သည်။ အကျယ် (ဘုံလျှိုမျိုး ၅-ပါး) ၌ကြည့်ပါကုန်။

« ဖို »

ဖိုလ် ၄-တန်။ ဖိုလ်တရား ၄-ပါး။ ။ လောကုတ္တရာ ၀ိပါက်စိတ်လည်း ဟူ၏။
(၁) သောတာပတ္တိ ဖိုလ်စိတ်၊
(၂) သကဒါဂါမိ ဖိုလ်စိတ်၊
(၃) အနာဂါမိ ဖိုလ်စိတ်၊
(၄) အရဟတ္တ ဖိုလ်စိတ်။

ဖိုလ်ပုဂ္ဂိုလ် ၄-ယောက်။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ် (ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်) နှင့် တူ၏။

ဖိုလ် ၀င်စားခြင်းမျိုး ၃-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ် (ဖလသမာပတ် ၃-မျိုး) နှင့် အတူတူပင်ဖြစ်၏။

ဖောင်းဝတ်မြင်းပြား၊ မျိုး ၁၀-ပါး၊ မိန့်ကြား အဿကြန်။ ။ သကဋဘာသာ အဿကြန္နကျမ်း၌ ဖောင်းဝတ်မွေး မြင်းဆယ်မျိုးကို ဤသို့ပြထားသည်။
(၁) ဖောင်းဝတ်ညို၊
(၂) ဖောင်းဝတ်ဖြူ၊
(၃) ဖောင်းဝတ်ပြောက်၊
(၄) ဖောင်းဝတ်ပြာ၊
(၅) ဖောင်းဝတ်မွဲ၊
(၆) ဖောင်းဝတ်ခြောက်၊
(ရ) သမင်ဝမ်း၊
(၈) ဖောင်းဝတ်နီ၊
(၉) သင်းခွေ၊
(၁၀) ဗယ်လင်း။

« ဖျ »

ဖျော်ရည် ၈-မျိုး။ ။ ၎င်းင်းသရုပ် (အဖျော် ၈-ပါး) ၌ ရှုပါ။

« ဖြ »

ဖြစ်တော်ပေါင်းမှာ၊ လောင်းမြတ်စွာ၊ တရာ သုံးဆယ့်ခြောက်။ ။ ဘုရားအလောင်း၏ ပါရမီခန်းဝယ် တိရစ္ဆာန်ဘ၀၌ ထင်ရှားသော ဇာတ်တော်၏ ၀တ္ထုပေါင်း ၁၃၆-ပါးကို ရှေးပညာရှိများ စပ်ဆိုထားခဲ့သော ဤဘုရားရှိခိုးလင်္ကာဖြင့် သိရာ၏၊
"သြကာသ သြကာသ သြကာသ ဗုဒ္ဓကုင်္ရ၊ လောင်းမြတ်လှသည်၊
အစကြိုးကြာ၊ ဆယ့်ခြောက်ခါနှင့်၊ ဟင်္သာကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျီးညို သုံးခါ၊
သံသာကျူးထိပ်၊ ကရ၀ိက် ငါး၊ လေးကားကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကားတဆယ်၊
ဆင်ဝယ်ဆယ့်တစ်၊ နွားဖြစ်ဆယ့်လေး၊ ဧကေး သိန္ဓ၀၊ ကျွဲ အဋ္ဌနှင့်၊ သံမြသာညောင်း၊ ဥဒေါင်း နှစ်ခါ၊
သာလိကာ သတ္တ၊ ဒွါဒသ ကြက်၊ ၀က်ကား ဆယ့်သုံး၊ ပေါင်းရုံးများစွာ၊ တရာသုံးဆယ်၊ ခြောက်ဖြစ်ဝယ်ကို၊
အန္တရာယ်မရှိ၊ ဘေးမထိသည့်၊ မုနိမြတ်လောင်း၊ ဖြစ်တော်ပေါင်းဟု၊ အောက်မေ့သဒ္ဓါ၊ ကြည်ညိုစွာဖြင့်၊
ခါခါမြတ်နိုး၊ လက်စုံမိုးကာ၊ ရှိခိုးပါ၏ ဘုရား။"
မှတ်ချက်။ ။ အလောင်းတော်မြတ်၏ ထင်ရှားသည့် တိရစ္ဆာန်ဘ၀တွေများစွာကျန်သေးကြောင်းကို ကျွန်ုပ်တို့လက်ရှိ ပိဋကတော်ဖြင့်သိသာ၏၊ ဤရှေးဟောင်း လင်္ကာကား ဘာကိုရည်စူးသည် မသိရ။

« ဖွာ »

ဖွားဖက်တော် ၇-ပါး။ ။ သုတ်မဟာဝါ ။ဋ္ဌ။ ၁၈။ ဗုဒ္ဓဘုရားရှင်နှင့် အတူ ဖွားမြင်ပေါ်ပေါက်လာကြသော အရာဝတ္ထု ၇-ပါး။ " အာ, ဗော, ကာ, ယ, ဆန်, ရွှေ, ကဏ်" တို့ပင်တည်း။
(၁) အာ- အာနန္ဒာထေရ်၊ ဘုရားညီတော်၊
(၂) ဗော-ဗောဓိပင်၊
(၃) ကာ- ကာလုဒါယီထေရ် (သို့မဟုတ်) အမတ်၊
(၄) ယ- ယသောဓရာဒေ၀ီ၊
(၅) ဆန်- ဆန္နထေရ်၊ သို့မဟုတ် အမတ်၊
(၆) ရွှေ- ရွှေအိုးကြီးလေးလုံး၊
(၇) ကဏ်- ကဏ္ဍကမြင်းဖြူတော်။
မှတ်ချက်။ ။ ဗုဒ္ဓ၀င်အဋ္ဌကထာ၌ အရှင်အာနန္ဒာထေရ်မြတ်ကို ဖွားဘက်တော် တပါးအဖြစ်ဖြင့် ပြဆို၏၊ ထိုမှတပါး အရှင်အာနန္ဒာအစား "အာရောဟဏ ဟတ္ထီ" ဟူ၍ မင်္ဂလာစီးတော်ဆင်ကို ဖွင့်ပြသောကျမ်းများလည်း ရှိသေး၏။

ဖွားသစ်စကို၊ စကားဆို၊ ပုဂ္ဂိုလ် ၅-ယောက် အဘယ်နည်း?။ ။ ၎င်းင်း သရုပ်ကို (မွေးဖွားစကို၊ စကားဆို) ဟူသော သရုပ်၌ ရှုပါ။

No comments:

Post a Comment